မေမေတို့က ကိုကိုနဲ့ သက်ကို သဘောမတူဘူးဆိုတာ သိလိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းမိတယ်..... သက်ချစ်သူက မချမ်းသာ ရင်နေပါစေ... အကျင့်စာရိတ္တပြည့်စုံတဲ့ ကြိုးစားပြီး ဝိရိယရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါတွေကို မေမေတို့ကို ပြောပြရင်လည်း ဘယ်လိုလုပ်အသုံးဝင်မှာလဲ သက်ကို အချစ်ရူးရူးနေတယ်လို့ ပြောကြမှာပဲ။
************************************************************************
ကိုကို့ကို လူကြီးတွေက သဘောမတူဘူးလို့ ပြောတော့
ကိုကိုက မချိပြုံးပြုံးပြတယ်.. သက်က တအံ့တသြနဲ့ မေးမိတော့မှ ကိုကိုက ဒါတွေကို
ကြိုတွက်ပြီးသားပါတဲ့... သက်လို အရာရာပြည့်စုံနေတဲ့ ကောင်မလေးကို
ချစ်ခွင့်ပန်ဖို့ သူမနည်းကြိုးစားခဲ့ရတာပါတဲ့ ကိုကို့လို တစ်ကောင်ကြွက် မိမရှိ
ဖမရှိ ဦးလေးအိမ်မှာ နေရတဲ့ ကောင်ကို သဘောမတူတာ မဆန်းပါဘူးတဲ့... ကိုကို အဲ့လိုပြောတော့
သက်ငိုချင်မိတယ်.. ကိုကိုက ဆက်ပြောသေးတယ်... ကိုကို့ကြောင့်
သက်စိတ်မညစ်စေရပါဘူးတဲ့ ... သက်မိဘတွေ သဘောတူတဲ့ အခြေအနေရောက်ဖို့ ကိုကို
ကြိုးစားမှာပါဆိုပြီး သက်ကို နှစ်သိမ့် အားပေးခဲ့တယ်.. ကိုကို အခြေအနေတစ်ခုကို
ရောက်မှသက်ဆီပြန်လာခဲ့မယ်နော် ဒီကြားထဲ ကျန်းမာရေး ဂရုစိုက်ပါကွယ် ဆိုပြီး
လေးလံတဲ့ ခြေလှမ်းတွေနဲ့ ကိုကို ထွက်ခွာသွားခဲ့တယ်.. သက်ကိုကို့ကို လိုက်တားဖို့
ခြေထောက်တွေမှာ အားအင်မရှိတော့ဘူး... မျက်ဝန်းထဲကို ရစ်ဝဲလာတဲ့ မျက်ရည်တွေသာ
တစ်ပေါက်ပြီး တစ်ပေါက်ကျလာတယ် ကိုကိုကတော့ သက်ထက်ဝေးသထက် ဝေးရာကို ဦးတည်သွားပြီပေါ့
ကိုကိုတစ်ကယ်ပဲ သက်နဲ့အဆက်အသွယ်ပြတ်သွားပါတယ်...
အရင်လို ဖုန်းမဆက်လာတော့ဘူး.. လာနေကျနေရာလေးမှာ ကိုကို့ အရိပ်အယောင်တွေ
ပျောက်ကွယ်သွားခဲ့တယ်... အော်.. ကိုကို ပြောခဲ့တော့ သက်ကို စိတ်မညစ်စေရပါဘူးဆို..
အခုတော့ သက်စိတ်တွေ ဘယ်လိုမှ မပျော်နိုင်ပါလား..
ဒါပေမယ့် သက်ကို ကိုကိုက အကြာကြီး
စိတ်အဆင်းရဲမခံခဲ့ပါဘူး.. ကိုကို ပြောတဲ့ စကားတည်ခဲ့တယ်.. ကိုကိုခြေရာဖျောက်ပြီး
၆လအကြာမှာ ကိုကို သက်ဆီပြန်ရောက်လာတယ်... ကိုကိုမျက်နှာမှာလည်း
အပြုံးပန်းတွေဝေလို့.. သက်ကိုတွေ့တာနဲ့ ကိုကိုက တောင်းပန်စကားဆိုတယ်..
သူသဘောင်္တက်ဖို့ စာတွေကြိုးစား၊ အင်္ဂလိပ်စာတွေလေ့လာ၊ Basic English Skill
Testဖြေပြီး ဦးလေးရဲ့အသိအကူအညီနဲ့ သဘောင်္သား သင်တန်းတက်ဖြစ်တာကအစ
သက်ကိုရှင်းပြတယ်.. သူသက်ကို အဆက်အသွယ်ဖြတ်ရတာက သူလုပ်တာတွေ အောင်မြင်ရင် သက်ကို
surprise ဖြစ်စေချင်တာလဲပါတာက တစ်ကြောင်း၊ သူ့အလုပ်တွေမှာ အာရုံစိုက်ချင်လို့ ဖြစ်တဲ့ အကြောင်းပြောပြတယ်.....
သက်လေ ပြောမပြတတ်အောင် ရင်ထဲမှာ ပျော်ရွှင်မိတယ်... သက်ဆီကို ကိုကိုပြန်
ရောက်လာတာပဲ သက်အတွက် အိမ်မက်မက်နေရသလိုပါပဲ။
*********************************************************************
ဒီတစ်ခေါက် မေမေကို ကိုကို့အကြောင်းပြောပြတော့ မေမေကချီးမွမ်းတယ်
ကောင်လေးက မဆိုးဘူး ဇွဲရှိရှိ ကြိုးစားရှာသားပဲတဲ့... ဒါပေါ့မေမေရဲ့
သက်ချစ်သူက သက်ကို အရမ်းချစ်တာပဲလို့ ရင်ထဲကပြန်ပြောလိုက်တာတော့
မေမေမသိလိုက်ရှာဘူး.. အခုဆို ကိုကို့ကို လူကြီးတွေက ကြည်ဖြူလာပြီ အိမ်ဝင်အိမ်ထွက်
လုပ်လို့ရလာပြီ... သက်လည်းအခုမှ ရင်ထဲက အလုံးကြီးကျသွားတော့တယ် သက်ချစ်သူရော
သက်ချစ်တဲ့မိဘရော နှစ်ဦးနှစ်ဖက် ကြည်ဖြူမှပဲ သက်ရဲ့ပျော်ရွှင်ဖွယ်ဘဝလေးမှာ
သာယာနိုင်တော့တယ်... ဒီလိုနဲ့ပဲ နေလာလိုက်တာ ကိုကို သင်္ဘောတက်ဖို့ ရက်နီးလာပါရော..
သွားရမှာက သုံးနှစ်တောင်ဆိုတော့ ရက်နီးလေလေ သက်ရင်ထဲမှာ ပိုပြီး လွမ်းဆွေးရမှာကို
ကြောက်လေလေပဲ.... တစ်ရက်တော့ ကိုကိုက သက်ကိုပြောတယ် ကိုကိုရဲ့ ဘဝမှာ
လက်ထပ်ရမယ့်သူဟာ သက်ပဲဖြစ်ရမယ်တဲ့ ကိုကိုပြန်လာရင် လက်ထပ်ကြရအောင်နော်လို့
ပြောပြီး သက်ကို ကိုကိုနဲ့ ဆင်တူလက်စွပ်ကလေးတစ်ခု လက်ဆောင်ပေးခဲ့တယ်..
ပီတိနဲ့ပြုံးရင်း ကိုကို့ကို ခေါင်းညိမ့်ပြီး အဖြေပေးခဲ့ဖူးတယ်.. "ဟုတ်"
လို့....
ကိုကို အိမ်မက်တွေအများကြီး အများကြီး ကတိတွေ
အထပ်ထပ်ပေးပြီး သက်ဆီက ခဏတာ ထွက်သွားခဲ့တယ်.. ဒီတစ်ခေါက်တော့
သက်မငိုမိဘူး.... အပြုံးနဲ့နှုတ်ဆက်နိုင်ပြီ ကိုကို သက်ဆီကို
တစ်နေ့ပြန်လာဖို့က လုံးဝသေချာနေပြီပဲလေ
*********************************************************************
ဟိုးးး ကောင်းကင်က တိမ်တွေကို မော့ကြည့်ရင်း
ကိုကို့ကို သတိရမိတယ် ဒီမိုးပြာရောင် တစ်မိုးသားအောက်ရဲ့ တစ်နေရာကနေ ကိုကိုလည်း
အခုလို မော့ကြည့်နေရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်.. သက်ကို သတိရနေမလား... ကိုကို ပို့တဲ့E-mailတွေ တစ်လကို တစ်စောင်တော့ တစ်ခါတစ်လေ နှစ်စောင် အမြဲဖတ်ဖြစ်ပါတယ်...
ဒီလိုနဲ့ပဲ နှစ်နှစ်ဆိုတဲ့ အချိန်ကို ကုန်မှန်းမသိကုန်လာလိုက်တာ.. နောက်တစ်နှစ်ပဲ
လိုတော့တာပဲလေလို့ စိတ်ကို အားတင်းထားမိတယ်.. မိုးကောင်းကင်မှာ ငှက်ကလေးတွေကို
တွေ့ရင်လည်း ကိုကို့ကို သက်အရမ်းသတိရတဲ့ အကြောင်းတွေ ဖွဖွလေး ရင်ဖွင့်ဖူးတယ်..
ကိုကို့ကို တွေ့ရင် ပြောပြပေးနော်လို့ အမြဲမှာဖြစ်တယ်.. ဟဟ ကိုကိုသာသိရင် သက်က
ကလေးအရမ်းဆန်တယ်ဆိုပြီး ပြောဦးမှာပဲလေ..
***********************************************************************
“ဟာ... တကယ်ပါပဲ ဒီနေ့မှ အိမ်ကကားက မနက်ကတည်းက
အခြေအနေဆိုးနေရာက ခု အပြန်လမ်းကျမှ ထပျက်ပြီ.. ဖေဖေ့ကို ဖုန်းခေါ်ထားတာ..
ခဏပဲ အခုရောက်တော့မယ်ဆိုပြီး.. ကြာလိုက်တာနော်” သက်ပြင်းပူတွေကို မှုတ်ထုတ်ပြီး စိတ်ပျက်စွာ ညည်းတွားလိုက်တယ်...သက် ကကားလေးကို လမ်းဘေးမှာ ထိုးရပ်ပြီး
စောင့်နေရင်း ထုံးစံအတိုင်း ကောင်းကင်ကို
မော့်ကြည့်မိတယ်... ငှက်ကလေးတွေ စီတန်းပြီး အိမ်ပြန်နေကြပြီ...“ အော်...
သူတို့လေးတွေလည်း အိမ်ပြန်ပြီ ပင်လယ်ပြင်ကို သွားကြမှာလား? ငါ့ကိုကိုကို
တွေ့ရင်ပြောပေးကြပါဦး အိမ်အမြန်ပြန်ခဲ့တော့လို့.. အမိမြေမှာ
သက်စောင့်နေပါတယ်လို့.”... ငှက်ကလေးတွေက သက်ပြောတာကိုမှ ဂရုစိုက်ပါလေစ ဟိုးအဝေးကို
အဝေးကြီးကို မရပ်မနားပျံသန်းသွားနေလိုက်တာ.. နေဦးလေ ပြောလို့မပြီးသေးဘူး..
ငှက်ကလေးတွေနောက်ကို လိုက်ရင်းလိုက်ရင်း ကားလမ်းမပေါ်ကို ရောက်မှန်းမသိရောက်ခဲ့ရပြီ
နေဦးဆို.. ငှက်ကလေးတွေသာ ဝေးသထက် ဝေးသွားတယ်.... ကားကြီးတစ်စီးက အရှိန်နဲ့
မောင်းလာတာကို သက် သတိမထားလိုက်မိဘူး.... ရုတ်တရက် ဝုန်းဆို ကြားလိုက်ပေမယ့်
သက်ဝိဥာ်ကတော့ ငှက်ကလေးတွေ နောက်ကို ပါသွားပြီလေ.............
***********************************************************************
တစ်ကိုယ်လုံး အရိုးတွေ ကြေမွနေသလို ခံစားနေရပေမယ့်...
အားနည်းနေတဲ့ မျက်ခွံကို မနည်းဖွင့်ကြည့်မိတော့... သက်လက်ကို ဆုပ်ထားတဲ့
မေမေ့ကိုတွေ့လိုက်တယ်.... အို.. ဘာတွေဖြစ်နေပါလိမ့်.. သက်ရဲ့လက်မှာလည်း
ဆေးကြိုးတန်းလန်းတွေနဲ့ ခြေထောက်မှာလည်း ဧရာမကျောက်ပတ်တီးနဲ့.. သက်
ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရထားမိတယ်..“သမီးလေး အားတင်းထားနော်..
သမီးကံကောင်းထောက်မလို့ အခုလိုသတိပြန်လည်လာတာ” ...ဟု မေမေက မျက်ရည်ရွှဲလဲနဲ့ အားပေးတယ်
ဒီလိုနဲ့ပဲ သက်ခုတင်ပေါ်မှာ လဲနေရတာ
အတော်ကြာပြီ..... ထူးဆန်းတာတစ်ခုက သက်ရဲ့ လူနာခန်းထဲမှာ မှန်တစ်ချပ်မှ မရှိတာပဲ..
မေမေကို မေးတော့လည်း သမီးကြည့်ဖို့မှ မလိုတာတဲ့..
သက်ကိုယ့်ရုပ်ကို မမြင်ရတာတောင် အတော်ကြာပြီ.. တစ်နေ့တော့
မေမေတို့ အိမ်ခဏပြန်တုန်း သက်အိပ်ရာပေါ်ကထ ကြည့်တယ်.. နလံထူကာစမို့ ဘယ်မှ
ကောင်းကောင်းမသွားနိုင်သေးဘူး.. မှန်နဲ့တူမယ့်အရာ ဘာများရှိမလဲ ဟိုရှာ ဒီရှာ ရှာရင်း...............
“ဟေး တွေ့ပြီ တွေ့ပြီ!! ”
သက်နဲ့အချိန်အတန်ကြာ ကွဲကွာနေတဲ့ သက်ဖုန်းလေးကို
ပြန်တွေ့ပြီ.. ဖုန်းတွေ့ပြီဆိုတော့ ဖုန်းက ကင်မရာလေးနဲ့ ကြည့်ဖို့
ခလုတ်နှိပ်လိုက်တယ်...... ဒါပေမယ့် သက်တွေ့လိုက်တာကတော့
အမယ်လေး ........... အမယ်လေး... ဘာကြီးပါလိမ့်
ရုပ်ဆိုးဆိုး မိန်းမတစ်ယောက် သက်ရဲ့ဖုန်း screenမှာ ဘယ်လိုပေါ်လာပါလိမ့် ....
ဖုန်းကို ပြန်ကောက်ကိုင်ဖို့ လက်တွေက အားအင် ချည့်နှဲ့နေပြီ... အို.. car accident
ဖြစ်ပြီး သက်မျက်နှာကြီး တစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီလား... သက် ခုတော့ သိလိုက်ပါပြီ... ဒါကြောင့် မေမေက သက်ကိုမှန်မကြည့်စေချင်ခဲ့တာကိုး..
သက်ဖြစ်ခဲ့သမျှတွေကို တစ်ခုချင်း ပြန်ဆက်စပ်ရင်း မျက်ရည်တွေ သက်ရဲ့ ကြမ်းတမ်းတဲ့
ပါးပြင်ပေါ် စီးကျလာပါတော့တယ်...............
**********************************************************************
သက်ရဲ့ဖြစ်ရပ်တွေကို သက်သိမှန်းမေမေသိသွားပြီ...
သက်လောကကြီးကို စိတ်နာနေမိတယ်.. တကယ်တမ်း အပြစ်ရှိတာ ကိုယ်ကိုယ်တိုင်ပဲလေ
အဲနေ့က ကားမတိုက်မိခဲ့ရင် ဒီလိုဖြစ်လာမှာမှ မဟုတ်ပဲ... မေမေက
တရားနဲ့ဖြေဖို့ပြောတယ်..... ဒီအချိန်မှာ ဘုရားရဲ့ တရားဆေးဟာလည်း အတွေးခေါက်ခက်တဲ့
သက်ကို မကယ်နိုင်တော့ဘူး.. အဝေးကပြန်လာမယ့် ကိုကို့ကို သက်ဘယ်လိုလုပ် ဒီမျက်နှာနဲ့
ကြိုရမှာတဲ့လဲ..... ဟင့်အင်း ကိုကိုဒီလို ရုပ်ဆိုးတဲ့ သက်နဲ့ လက်မထပ်စေရဘူး...... ဖြစ်နိုင်ရင် အားလုံးနဲ့ ဝေးရာကို သက် သွားနေချင်တယ်.. ကိုကို့ကို ရင်ဆိုင်ရမှာ
သက် ဝန်လေးနေတယ်.. ကိုကိုသာ သက်အဖြစ်ကို သိမယ်ဆိုရင်............. ရုပ်ဆိုးမကို ကိုကိုကြောက်မိမှာလား......
လောကကြီးမှာ ဖြစ်ချင်တာတွေ တကယ်ပဲ ဖြစ်ရတော့
မလိုလိုနဲ့ တကယ်တော့ ဖြစ်သင့်တာတွေပဲ ဖြစ်သွားတတ်တာ သဘာဝလား... သက်မှာ
ရုပ်ဆိုးဖို့ ဝဋ်ကြွေးတွေ တကယ်ပဲ ပါလာခဲ့တယ်နဲ့တူတယ်...
***********************************************************************
သက်ကိုကို့ကို emailမပို့ဖြစ်တော့ပါ..
တစ်ကြောင်းနှစ်ကြောင်း အနည်းဆုံးတော့ ပို့မိတယ်..ရုတ်တရက် အဆက်အသွယ် ဖျက်လိုက်ရင်
သူစိတ်မကောင်းမှာ ဆိုးမိလို့.. skypeပြောဖို့ ကိစ္စတွေတော့ တတ်နိုင်သလောက်
သက်ရှောင်နေမိတယ် သက်အကြောင်းကိုတော့ ပြောပြနိုင်စွမ်း မရှိသေးပါ... နောင်ဖြစ်မှ
နောင်ရှင်း သူပြန်ရောက်ရင် ရင်ဆိုင်ဖို့တော့ အားတင်းထားမိတယ်....
ဒါပေမယ့် တစ်နေ့တော့ သက်ဆီကို စာအိတ်လေးတစ်စောင်
ရောက်လာတယ် မေမေက ပြောတော့ ကိုကို့ရဲ့ မင်္ဂလာဖိတ်စာတဲ့.. အော်... ကိုကိုရယ်
လုပ်ရက်လိုက်တာ.. သက်အကြောင်းတွေကို ဘယ်ကနေ ဘယ်လို ပေါက်ကြားပြီး
သိသွားတာပါလိမ့်... ကိုကို သိပ်ရက်စက်ပါလား... သက်ကို အနည်းဆုံးတော့
လာတောင်းပန်ဖို့သင့်တယ်... ဒါပေမယ့်လည်း သက်ရုပ်ကို ဘယ်တွေ့ချင်ပါ့မလဲလေ.. သက်က
ရုပ်ဆိုးမ ကိုး.........
တစ်အောင့်လောက်ကြာတော့ ကိုကို ရောက်လာတယ်တဲ့
သက်ကိုလာတွေ့တာပါတဲ့.. အော်.. သူရောက်တော့ ရောက်လာသားပဲ... သက် လက်ကိုင်ပဝါလေးကို
မျက်နှာကို ကွယ်အောင် ကာပြီး စည်းလိုက်တယ်... ဧည့်ခန်း ထဲမှာ ရောက်နေတဲ့
ကိုကို့ကို တွေ့တော့ သက်မျက်လုံးချင်း မဆိုင်ချင်...
ကိုကိုကတော့ အရင်လို မပြောင်းလဲတဲ့ အပြုံးနဲ့ .. ဘာမှ
မဖြစ်သလိုပဲ.. သက်ကို ကိုကိုပေးလိုက်တဲ့ ဖိတ်စာကို ဖတ်ကြည့်ဖို့ပြောတယ်... သက်က
“congratulation” လို့ အောင့်သက်သက်နဲ့ ပြောပြီး ဖိတ်စာကို မကြည့်ချင်ပဲ ဖွင့်ကြည့်မိတယ်...
သက်မထင်မှတ်လိုက်ဘူး.. ဖိတ်စာထဲက သတို့သားနဲ့ သတို့သမီးနာမည်တွေက ကိုနွေဦး နှင့်
မသက်ထားဝေ တဲ့ “အဲ့ဒါသက်နာမည်ပဲ... လက်စသတ်တော့ ကိုကိုက သက်နဲ့ လက်ထပ်ဖို့
ရည်ရွယ်ထားတာကိုး”..... စိတ်ထဲမှာ ပီတိဖြစ်ရင်း ဝမ်းသာလွန်းလို့ ပြုံးပြုံးကလေး ကိုကို့ကို ကြည့်မိတယ်
အဲတော့မှ ကိုကိုက သက်ရဲ့ ပဝါလေးကို ဖြုတ်ကြည့်ပြီး “သက်ကခုထိ လှနေတုန်းပဲတဲ့
ကိုကို့မျက်စိထဲမှာတော့ လုံးဝမပြောင်းလဲပါဘူး ”တဲ့ ..... သက် ပျော်လိုက်တာလေ သက်ရဲ့
လုံးဝန်းတဲ့ မျက်အိမ်လေးကနေ မျက်ရည်တွေ စိမ့်ထွက်တဲ့အထိပဲပေါ့ .............. ;)
0 comments :
Post a Comment