Wednesday, July 24, 2013

ဝါးတီး :D

ဘလော့မှာ အစားအသောက်တွေနဲ့ လာရောက်သူတွေကို သရေကျအောင် လုပ်မလို့ပါ :) ခေါက်ဆွဲကြော်နဲ့ဧည့်ခံမလို့

 ဒါကတော့ yakisoba သူက sobaခေါက်ဆွဲ နဲ့ ကြော်ထားတာပေါ့နော်

ဒါက Udon ခေါက်ဆွဲပေါ့နော်... သူက အလုံးပိုကြီးတယ် soba ခေါက်ဆွဲထက်....

ကျွန်မက yakisoba နဲ့ Udon ကို ပေါင်းပြီးစားရတာကို ကြိုက်တယ်.. ဒါကြောင့် လုပ်နည်းလေး ဖေါက်သည် ပြန်ချမလို့ပါ :-)
 အရင်ဦးဆုံး ကင်းမှိုနဲ့ ပုစွန်ကို ကြော်ပါမယ်.. (ဝက်သားတို့ ကြက်သားတို့ နှစ်သက်ရာထည့်နိုင်ပါတယ်)

 ဟိုနှစ်ခုကို ကြော်ပြီးရင် ဒီမုန်လာဥနီလေးနဲ့ broccoliလေး ထည့်လိုက်မယ်
 ဒါကတော့ Udonကို ပြုတ်ပြီး ရေစစ်ထားတာပါ

ဒီခေါက်ဆွဲကြော်ရဲ့ မပါမဖြစ်တဲ့ အရာက yakisoba sauceပါ asian market တွေမှာ ရတတ်ပါတယ် 
 အဲဒါတွေအကုန်လုံး ရော လိုက်တော့ 
yaki soba မဟုတ်တော့ပဲ  yaki udon
ဖြစ်သွားပါရော :)
လွယ်လွယ်ကူကူနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ ရှင်။


Tuesday, July 16, 2013

စင်ယော်ဖတ်တဲ့ ဖူးစာ

                




            မေမေတို့က  ကိုကိုနဲ သက်ကို  သဘောမတူဘူးဆိုတာ  သိလိုက်ရတော့  စိတ်ထဲမှာ ဝမ်းနည်းမိတယ်.....  သက်ချစ်သူက မချမ်းသာ ရင်နေပါစေ... အကျင့်စာရိတ္တပြည့်စုံတဲ့ ကြိုးစားပြီး ဝိရိယရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါတွေကို မေမေတို့ကို ပြောပြရင်လည်း ဘယ်လိုလုပ်အသုံးဝင်မှာလဲ သက်ကို အချစ်ရူးရူးနေတယ်လို့ ပြောကြမှာပဲ


************************************************************************
ကိုကို့ကို လူကြီးတွေက သဘောမတူဘူးလို့ ပြောတော့ ကိုကိုက မချိပြုံးပြုံးပြတယ်.. သက်က တအံ့တသြနဲ့ မေးမိတော့မှ ကိုကိုက ဒါတွေကို ကြိုတွက်ပြီးသားပါတဲ့... သက်လို  အရာရာပြည့်စုံနေတဲ့ ကောင်မလေးကို ချစ်ခွင့်ပန်ဖို့ သူမနည်းကြိုးစားခဲ့ရတာပါတဲ့ ကိုကို့လို တစ်ကောင်ကြွက် မိမရှိ ဖမရှိ ဦးလေးအိမ်မှာ နေရတဲ့ ကောင်ကို သဘောမတူတာ မဆန်းပါဘူးတဲ့... ကိုကို အဲ့လိုပြောတော့ သက်ငိုချင်မိတယ်.. ကိုကိုက ဆက်ပြောသေးတယ်... ကိုကို့ကြောင့် သက်စိတ်မညစ်စေရပါဘူးတဲ့ ... သက်မိဘတွေ သဘောတူတဲ့ အခြေအနေရောက်ဖို့ ကိုကို ကြိုးစားမှာပါဆိုပြီး သက်ကို နှစ်သိမ့် အားပေးခဲ့တယ်.. ကိုကို အခြေအနေတစ်ခုကို ရောက်မှသက်ဆီပြန်လာခဲ့မယ်နော် ဒီကြားထဲ ကျန်းမာရေး ဂရုစိုက်ပါကွယ် ဆိုပြီး လေးလံတဲ့ ခြေလှမ်းတွေနဲ့ ကိုကို ထွက်ခွာသွားခဲ့တယ်.. သက်ကိုကို့ကို လိုက်တားဖို့ ခြေထောက်တွေမှာ အားအင်မရှိတော့ဘူး... မျက်ဝန်းထဲကို ရစ်ဝဲလာတဲ့ မျက်ရည်တွေသာ တစ်ပေါက်ပြီး တစ်ပေါက်ကျလာတယ် ကိုကိုကတော့ သက်ထက်ဝေးသထက် ဝေးရာကို ဦးတည်သွားပြီပေါ့

ကိုကိုတစ်ကယ်ပဲ သက်နဲ့အဆက်အသွယ်ပြတ်သွားပါတယ်... အရင်လို ဖုန်းမဆက်လာတော့ဘူး.. လာနေကျနေရာလေးမှာ ကိုကို့ အရိပ်အယောင်တွေ ပျောက်ကွယ်သွားခဲ့တယ်... အော်.. ကိုကို ပြောခဲ့တော့ သက်ကို စိတ်မညစ်စေရပါဘူးဆို.. အခုတော့ သက်စိတ်တွေ ဘယ်လိုမှ မပျော်နိုင်ပါလား..

ဒါပေမယ့် သက်ကို ကိုကိုက အကြာကြီး စိတ်အဆင်းရဲမခံခဲ့ပါဘူး.. ကိုကို ပြောတဲ့ စကားတည်ခဲ့တယ်.. ကိုကိုခြေရာဖျောက်ပြီး ၆လအကြာမှာ ကိုကို သက်ဆီပြန်ရောက်လာတယ်... ကိုကိုမျက်နှာမှာလည်း အပြုံးပန်းတွေဝေလို့.. သက်ကိုတွေ့တာနဲ့ ကိုကိုက တောင်းပန်စကားဆိုတယ်.. သူသဘောင်္တက်ဖို့ စာတွေကြိုးစား၊ အင်္ဂလိပ်စာတွေလေ့လာ၊ Basic English Skill Testဖြေပြီး ဦးလေးရဲ့အသိအကူအညီနဲ့ သဘောင်္သား သင်တန်းတက်ဖြစ်တာကအစ သက်ကိုရှင်းပြတယ်.. သူသက်ကို အဆက်အသွယ်ဖြတ်ရတာက သူလုပ်တာတွေ အောင်မြင်ရင် သက်ကို surprise ဖြစ်စေချင်တာလဲပါတာက တစ်ကြောင်း၊ သူ့အလုပ်တွေမှာ အာရုံစိုက်ချင်လို့ ဖြစ်တဲ့ အကြောင်းပြောပြတယ်..... သက်လေ ပြောမပြတတ်အောင် ရင်ထဲမှာ ပျော်ရွှင်မိတယ်... သက်ဆီကို ကိုကိုပြန် ရောက်လာတာပဲ သက်အတွက် အိမ်မက်မက်နေရသလိုပါပဲ။

*********************************************************************
ဒီတစ်ခေါက် မေမေကို ကိုကို့အကြောင်းပြောပြတော့ မေမေကချီးမွမ်းတယ် ကောင်လေးက မဆိုးဘူး ဇွဲရှိရှိ ကြိုးစားရှာသားပဲတဲ့...  ဒါပေါ့မေမေရဲ့ သက်ချစ်သူက သက်ကို အရမ်းချစ်တာပဲလို့ ရင်ထဲကပြန်ပြောလိုက်တာတော့ မေမေမသိလိုက်ရှာဘူး.. အခုဆို ကိုကို့ကို လူကြီးတွေက ကြည်ဖြူလာပြီ အိမ်ဝင်အိမ်ထွက် လုပ်လို့ရလာပြီ... သက်လည်းအခုမှ ရင်ထဲက အလုံးကြီးကျသွားတော့တယ် သက်ချစ်သူရော သက်ချစ်တဲ့မိဘရော နှစ်ဦးနှစ်ဖက် ကြည်ဖြူမှပဲ သက်ရဲ့ပျော်ရွှင်ဖွယ်ဘဝလေးမှာ သာယာနိုင်တော့တယ်... ဒီလိုနဲ့ပဲ နေလာလိုက်တာ ကိုကို သင်္ဘောတက်ဖို့ ရက်နီးလာပါရော.. သွားရမှာက သုံးနှစ်တောင်ဆိုတော့ ရက်နီးလေလေ သက်ရင်ထဲမှာ ပိုပြီး လွမ်းဆွေးရမှာကို ကြောက်လေလေပဲ.... တစ်ရက်တော့ ကိုကိုက သက်ကိုပြောတယ် ကိုကိုရဲ့ ဘဝမှာ လက်ထပ်ရမယ့်သူဟာ သက်ပဲဖြစ်ရမယ်တဲ့ ကိုကိုပြန်လာရင် လက်ထပ်ကြရအောင်နော်လို့ ပြောပြီး သက်ကို ကိုကိုနဲ့ ဆင်တူလက်စွပ်ကလေးတစ်ခု လက်ဆောင်ပေးခဲ့တယ်.. ပီတိနဲ့ပြုံးရင်း ကိုကို့ကို ခေါင်းညိမ့်ပြီး အဖြေပေးခဲ့ဖူးတယ်.. "ဟုတ်" လို့....
ကိုကို အိမ်မက်တွေအများကြီး အများကြီး ကတိတွေ အထပ်ထပ်ပေးပြီး သက်ဆီက ခဏတာ ထွက်သွားခဲ့တယ်.. ဒီတစ်ခေါက်တော့ သက်မငိုမိဘူး....  အပြုံးနဲ့နှုတ်ဆက်နိုင်ပြီ ကိုကို သက်ဆီကို တစ်နေ့ပြန်လာဖို့က လုံးဝသေချာနေပြီပဲလေ

*********************************************************************

ဟိုးးး ကောင်းကင်က တိမ်တွေကို မော့ကြည့်ရင်း ကိုကို့ကို သတိရမိတယ် ဒီမိုးပြာရောင် တစ်မိုးသားအောက်ရဲ့ တစ်နေရာကနေ ကိုကိုလည်း အခုလို မော့ကြည့်နေရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်.. သက်ကို သတိရနေမလား... ကိုကို ပို့တဲ့E-mailတွေ တစ်လကို တစ်စောင်တော့ တစ်ခါတစ်လေ နှစ်စောင် အမြဲဖတ်ဖြစ်ပါတယ်... ဒီလိုနဲ့ပဲ နှစ်နှစ်ဆိုတဲ့ အချိန်ကို ကုန်မှန်းမသိကုန်လာလိုက်တာ.. နောက်တစ်နှစ်ပဲ လိုတော့တာပဲလေလို့ စိတ်ကို အားတင်းထားမိတယ်.. မိုးကောင်းကင်မှာ ငှက်ကလေးတွေကို တွေ့ရင်လည်း ကိုကို့ကို သက်အရမ်းသတိရတဲ့ အကြောင်းတွေ ဖွဖွလေး ရင်ဖွင့်ဖူးတယ်.. ကိုကို့ကို တွေ့ရင် ပြောပြပေးနော်လို့ အမြဲမှာဖြစ်တယ်.. ဟဟ ကိုကိုသာသိရင် သက်က ကလေးအရမ်းဆန်တယ်ဆိုပြီး ပြောဦးမှာပဲလေ..
***********************************************************************
“ဟာ... တကယ်ပါပဲ ဒီနေ့မှ အိမ်ကကားက မနက်ကတည်းက အခြေအနေဆိုးနေရာက ခု အပြန်လမ်းကျမှ ထပျက်ပြီ..  ဖေဖေ့ကို ဖုန်းခေါ်ထားတာ.. ခဏပဲ အခုရောက်တော့မယ်ဆိုပြီး.. ကြာလိုက်တာနော်” သက်ပြင်းပူတွေကို မှုတ်ထုတ်ပြီး စိတ်ပျက်စွာ ညည်းတွားလိုက်တယ်...သက် ကကားလေးကို လမ်းဘေးမှာ ထိုးရပ်ပြီး
စောင့်နေရင်း ထုံးစံအတိုင်း ကောင်းကင်ကို မော့်ကြည့်မိတယ်...  ငှက်ကလေးတွေ စီတန်းပြီး အိမ်ပြန်နေကြပြီ...“ အော်... သူတို့လေးတွေလည်း အိမ်ပြန်ပြီ ပင်လယ်ပြင်ကို သွားကြမှာလား? ငါ့ကိုကိုကို တွေ့ရင်ပြောပေးကြပါဦး အိမ်အမြန်ပြန်ခဲ့တော့လို့.. အမိမြေမှာ သက်စောင့်နေပါတယ်လို့.”... ငှက်ကလေးတွေက သက်ပြောတာကိုမှ ဂရုစိုက်ပါလေစ ဟိုးအဝေးကို အဝေးကြီးကို မရပ်မနားပျံသန်းသွားနေလိုက်တာ.. နေဦးလေ ပြောလို့မပြီးသေးဘူး.. ငှက်ကလေးတွေနောက်ကို လိုက်ရင်းလိုက်ရင်း ကားလမ်းမပေါ်ကို ရောက်မှန်းမသိရောက်ခဲ့ရပြီ နေဦးဆို.. ငှက်ကလေးတွေသာ ဝေးသထက် ဝေးသွားတယ်.... ကားကြီးတစ်စီးက အရှိန်နဲ့ မောင်းလာတာကို သက် သတိမထားလိုက်မိဘူး.... ရုတ်တရက် ဝုန်းဆို ကြားလိုက်ပေမယ့် သက်ဝိဥာ်ကတော့ ငှက်ကလေးတွေ နောက်ကို ပါသွားပြီလေ.............

***********************************************************************

တစ်ကိုယ်လုံး အရိုးတွေ ကြေမွနေသလို ခံစားနေရပေမယ့်... အားနည်းနေတဲ့ မျက်ခွံကို မနည်းဖွင့်ကြည့်မိတော့... သက်လက်ကို ဆုပ်ထားတဲ့ မေမေ့ကိုတွေ့လိုက်တယ်.... အို.. ဘာတွေဖြစ်နေပါလိမ့်.. သက်ရဲ့လက်မှာလည်း ဆေးကြိုးတန်းလန်းတွေနဲ့ ခြေထောက်မှာလည်း ဧရာမကျောက်ပတ်တီးနဲ့.. သက် ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရထားမိတယ်..“သမီးလေး အားတင်းထားနော်.. သမီးကံကောင်းထောက်မလို့ အခုလိုသတိပြန်လည်လာတာ” ...ဟု မေမေက မျက်ရည်ရွှဲလဲနဲ့ အားပေးတယ်

   ဒီလိုနဲ့ပဲ သက်ခုတင်ပေါ်မှာ လဲနေရတာ အတော်ကြာပြီ..... ထူးဆန်းတာတစ်ခုက သက်ရဲ့ လူနာခန်းထဲမှာ မှန်တစ်ချပ်မှ မရှိတာပဲ.. မေမေကို မေးတော့လည်း သမီးကြည့်ဖို့မှ မလိုတာတဲ့..
သက်ကိုယ့်ရုပ်ကို မမြင်ရတာတောင် အတော်ကြာပြီ.. တစ်နေ့တော့ မေမေတို့ အိမ်ခဏပြန်တုန်း သက်အိပ်ရာပေါ်ကထ ကြည့်တယ်.. နလံထူကာစမို့ ဘယ်မှ ကောင်းကောင်းမသွားနိုင်သေးဘူး.. မှန်နဲ့တူမယ့်အရာ ဘာများရှိမလဲ ဟိုရှာ ဒီရှာ ရှာရင်း...............
“ဟေး တွေ့ပြီ တွေ့ပြီ!! ”
သက်နဲ့အချိန်အတန်ကြာ ကွဲကွာနေတဲ့ သက်ဖုန်းလေးကို ပြန်တွေ့ပြီ.. ဖုန်းတွေ့ပြီဆိုတော့ ဖုန်းက ကင်မရာလေးနဲ့ ကြည့်ဖို့ ခလုတ်နှိပ်လိုက်တယ်...... ဒါပေမယ့် သက်တွေ့လိုက်တာကတော့
အမယ်လေး ........... အမယ်လေး... ဘာကြီးပါလိမ့် ရုပ်ဆိုးဆိုး မိန်းမတစ်ယောက် သက်ရဲ့ဖုန်း screenမှာ ဘယ်လိုပေါ်လာပါလိမ့် .... ဖုန်းကို ပြန်ကောက်ကိုင်ဖို့ လက်တွေက အားအင် ချည့်နှဲ့နေပြီ... အို.. car accident ဖြစ်ပြီး သက်မျက်နှာကြီး တစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီလား... သက် ခုတော့ သိလိုက်ပါပြီ... ဒါကြောင့် မေမေက သက်ကိုမှန်မကြည့်စေချင်ခဲ့တာကိုး.. သက်ဖြစ်ခဲ့သမျှတွေကို တစ်ခုချင်း ပြန်ဆက်စပ်ရင်း မျက်ရည်တွေ သက်ရဲ့ ကြမ်းတမ်းတဲ့ ပါးပြင်ပေါ် စီးကျလာပါတော့တယ်...............

**********************************************************************
သက်ရဲ့ဖြစ်ရပ်တွေကို သက်သိမှန်းမေမေသိသွားပြီ... သက်လောကကြီးကို စိတ်နာနေမိတယ်.. တကယ်တမ်း အပြစ်ရှိတာ ကိုယ်ကိုယ်တိုင်ပဲလေ အဲနေ့က  ကားမတိုက်မိခဲ့ရင် ဒီလိုဖြစ်လာမှာမှ မဟုတ်ပဲ... မေမေက တရားနဲ့ဖြေဖို့ပြောတယ်..... ဒီအချိန်မှာ ဘုရားရဲ့ တရားဆေးဟာလည်း အတွေးခေါက်ခက်တဲ့ သက်ကို မကယ်နိုင်တော့ဘူး.. အဝေးကပြန်လာမယ့် ကိုကို့ကို သက်ဘယ်လိုလုပ်  ဒီမျက်နှာနဲ့ ကြိုရမှာတဲ့လဲ..... ဟင့်အင်း ကိုကိုဒီလို ရုပ်ဆိုးတဲ့ သက်နဲ့ လက်မထပ်စေရဘူး...... ဖြစ်နိုင်ရင် အားလုံးနဲ့ ဝေးရာကို သက် သွားနေချင်တယ်.. ကိုကို့ကို ရင်ဆိုင်ရမှာ သက် ဝန်လေးနေတယ်.. ကိုကိုသာ သက်အဖြစ်ကို သိမယ်ဆိုရင်............. ရုပ်ဆိုးမကို ကိုကိုကြောက်မိမှာလား......
 လောကကြီးမှာ ဖြစ်ချင်တာတွေ တကယ်ပဲ ဖြစ်ရတော့ မလိုလိုနဲ့ တကယ်တော့ ဖြစ်သင့်တာတွေပဲ ဖြစ်သွားတတ်တာ သဘာဝလား... သက်မှာ ရုပ်ဆိုးဖို့ ဝဋ်ကြွေးတွေ တကယ်ပဲ ပါလာခဲ့တယ်နဲ့တူတယ်... 

***********************************************************************

သက်ကိုကို့ကို emailမပို့ဖြစ်တော့ပါ.. တစ်ကြောင်းနှစ်ကြောင်း အနည်းဆုံးတော့ ပို့မိတယ်..ရုတ်တရက် အဆက်အသွယ် ဖျက်လိုက်ရင် သူစိတ်မကောင်းမှာ ဆိုးမိလို့.. skypeပြောဖို့ ကိစ္စတွေတော့ တတ်နိုင်သလောက် သက်ရှောင်နေမိတယ် သက်အကြောင်းကိုတော့ ပြောပြနိုင်စွမ်း မရှိသေးပါ... နောင်ဖြစ်မှ နောင်ရှင်း သူပြန်ရောက်ရင် ရင်ဆိုင်ဖို့တော့ အားတင်းထားမိတယ်....
ဒါပေမယ့် တစ်နေ့တော့ သက်ဆီကို စာအိတ်လေးတစ်စောင် ရောက်လာတယ် မေမေက ပြောတော့ ကိုကို့ရဲ့ မင်္ဂလာဖိတ်စာတဲ့.. အော်... ကိုကိုရယ် လုပ်ရက်လိုက်တာ.. သက်အကြောင်းတွေကို ဘယ်ကနေ ဘယ်လို ပေါက်ကြားပြီး သိသွားတာပါလိမ့်... ကိုကို သိပ်ရက်စက်ပါလား... သက်ကို အနည်းဆုံးတော့ လာတောင်းပန်ဖို့သင့်တယ်... ဒါပေမယ့်လည်း သက်ရုပ်ကို ဘယ်တွေ့ချင်ပါ့မလဲလေ.. သက်က ရုပ်ဆိုးမ ကိုး......... 



တစ်အောင့်လောက်ကြာတော့ ကိုကို ရောက်လာတယ်တဲ့ သက်ကိုလာတွေ့တာပါတဲ့.. အော်.. သူရောက်တော့ ရောက်လာသားပဲ... သက် လက်ကိုင်ပဝါလေးကို မျက်နှာကို ကွယ်အောင် ကာပြီး စည်းလိုက်တယ်... ဧည့်ခန်း ထဲမှာ ရောက်နေတဲ့ ကိုကို့ကို တွေ့တော့ သက်မျက်လုံးချင်း မဆိုင်ချင်...
ကိုကိုကတော့ အရင်လို မပြောင်းလဲတဲ့ အပြုံးနဲ့ .. ဘာမှ မဖြစ်သလိုပဲ.. သက်ကို ကိုကိုပေးလိုက်တဲ့ ဖိတ်စာကို ဖတ်ကြည့်ဖို့ပြောတယ်... သက်က “congratulation” လို့ အောင့်သက်သက်နဲ့ ပြောပြီး ဖိတ်စာကို မကြည့်ချင်ပဲ ဖွင့်ကြည့်မိတယ်... သက်မထင်မှတ်လိုက်ဘူး.. ဖိတ်စာထဲက သတို့သားနဲ့ သတို့သမီးနာမည်တွေက ကိုနွေဦး နှင့် မသက်ထားဝေ တဲ့ “အဲ့ဒါသက်နာမည်ပဲ... လက်စသတ်တော့ ကိုကိုက သက်နဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားတာကိုး”.....   စိတ်ထဲမှာ ပီတိဖြစ်ရင်း ဝမ်းသာလွန်းလို့ ပြုံးပြုံးကလေး ကိုကို့ကို ကြည့်မိတယ် အဲတော့မှ ကိုကိုက သက်ရဲ့ ပဝါလေးကို ဖြုတ်ကြည့်ပြီး “သက်ကခုထိ လှနေတုန်းပဲတဲ့ ကိုကို့မျက်စိထဲမှာတော့ လုံးဝမပြောင်းလဲပါဘူး ”တဲ့ ..... သက် ပျော်လိုက်တာလေ သက်ရဲ့ လုံးဝန်းတဲ့ မျက်အိမ်လေးကနေ မျက်ရည်တွေ စိမ့်ထွက်တဲ့အထိပဲပေါ့ .............. ;)






Sunday, July 14, 2013

အိုး.... အမေ

                     အမေမရှိတော့ဘူး ဆိုတဲ့ အသိက ကျွန်တော့် နှလုံးသားကို ဆွဲကိုင်ပေါက်ပစ်လိုက်သလို လှုပ်ခတ်စေပါတယ်...
သာမန် နှာစေး ချောင်းဆိုးတာကအစ ဖြစ်ခဲခဲ့တဲ့ အမေ၊ အခုလို ရုတ်တရက်ကြီး ကျွန်တော်နဲ့ ညီမလေးကို ခွဲခွာသွားတော့ ရင်ထဲမှာ ဟာတာတာနဲ့ ခံရခက်မိတယ်..


          ကျွန်တော်ငယ်ငယ်က အဖေငတ်ခဲ့ရတယ်ဗျ...
အဖေ့ရဲ့ အကြွေးတွေနဲ့ ဆွေမျိုးတွေကြားမှာ မျက်နှာငယ်ခဲ့ရတဲ့ အမေ့ကို သနားမိတယ်
အမေရယ် ကျွန်တော်ရယ် ညီမလေးရယ် သုံးယောက်ထဲ အဖေ့ရဲ့ လုပ်ရပ်တွေကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရတယ်.. ခုတော့ သူကနောက်အိမ်ထောင်နဲ့
ဒါတွေ ကျွန်တော် စီကာပတ်ကုံး မပြောချင်တော့ပါဘူးဗျာ... အဖေ့ကိုလည်း စိတ်မနာတော့ဘူး.. ကျွန်တော်တို့ ဝဋ်ကြွေးရှိလို့ ခံခဲ့ရတာပဲလို့ သဘောထားလိုက်တယ်...

အမေဟာ ကျွန်တော်တို့ မောင်နှမအပေါ်မှာ တကယ်ကို တော်တဲ့မိခင်ကောင်းတစ်ယောက်ပါ
ကျွန်တော်တို့ အရွယ်ရောက်လို့ ကျောင်းတက်ရမယ့် အချိန်မှာ အမေဟာ သားသမီးတွေ မျက်နှာမငယ်ရအောင် အစွမ်းကုန် အလုပ်တွေ ကြိုးစားခဲ့ပါတယ်..
မနက်၅နာရီဆို လမ်းထဲမှာ ပဲပြုတ်ထွက်ရောင်းတယ်၊ ရပ်ကွက်ထဲမှာ ရောင်းလို့ကုန်ပြီဆိုတာနဲ့ အမေ့ကို ခေါ်ထားတဲ့ အိမ်တွေမှာ အဝတ်လိုက်လျှော်ပေးရတယ်.. ညနေဘက်ဆို အကြော်ဆိုင်မှာ အကြော်ရောင်းတယ်... အမေ့မှာ နားတဲ့ရက်ဆိုလို့ တစ်လမှ ၁ရက် ၂ရက် ရယ်ပါ...
အမေကျွန်တော်တို့ အတွက် ဒီလောက်အစွမ်းကုန်ကြိုးစား ပေးနေတာ.. ကျွန်တော်ရင်ထဲမှာ တကယ်မချိဘူး.. ဒါကြောင့် အမေ့ကို တတ်နိုင်သလောက် အိမ်မှုကိစ္စတွေ ညီမလေးနဲ့ ဝိုင်းကူပေးခဲ့တယ်..
ကျွန်တော် လိမ္မာဖို့ ကြိုးစားပြီနေခဲ့တယ်.. ဒါပေမယ့် တစ်ခုတော့ ကျွန်တော်ဆိုးဖူးတယ်ဗျ

အဲဒါဘာလဲဆိုရင် အမေ့ကို သီချင်းနားထောင်တဲ့ စက်ကလေး ပူဆာမိတာ
mp3 player အဟောင်းလေးပဲ ဖြစ်ဖြစ်အမေရယ် ကျွန်တော့်ကို ဝယ်ပေးပါလို့ အမေမှ မဝယ်ပေးရင် သူငယ်ချင်းတွေကြားထဲမှာ မျက်နှာငယ်ရမှာပါလို့ ပူဆာဖူးတယ်....
ကျွန်တော်မျက်နှာ ငယ်ရမှာလို့ ပြောမိတော့ အမေကငိုတယ်...
သားရယ်.... သီချင်းနားထောင်ဖို့ ဆိုရင်တော့ mp3တွေ မလိုပါဘူး.. အမေကိုယ်တိုင်ဆိုပြမှာပေါ့ ဆိုပြီ လိမ့်ကျလာတဲ့ မျက်ရည်ပေါက်ကြီးတွေကို သုတ်ရင်း သူကြားဖူးတဲ့ သီချင်းတွေ ဆိုပြရှာတယ်။
အမေငိုတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ငါတော့ မှားပြီဆိုတဲ့ အသိနဲ့ နောင်တရပြီး ငိုမိတယ်
ကျွန်တော်နဲ့ အမေနှစ်ယောက်သား ငိုနေတော့ ဘုမသိဘမသိ ညီမလေးကပါ ထငိုတယ်...
အဲဒီ့ညက သားအမိသုံးယောက် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ်ကလေး ဖက်အိပ်တုန်း အမေက ကျွန်တော်တို့နှစ်ယောက်ကို ချော့သိပ်တယ်...



နောက်တော့ ကျွန်တော့်မွေးနေ့ရောက်တော့ အမေက မွေးနေ့လက်ဆောင်အဖြစ် နားကြပ်ကလေးတခု လက်ဆောင်ပေးတယ်.. ရော့သား.. အမေသီချင်းနားထောင်စက် မဝယ်ပေးနိုင်သေးလို့ နားကြပ်ကလေး အရင်ဝယ်ပေးထားတယ်.. သားကျောင်းမှာ ဆုရမှ အမေပိုက်ဆံ ထပ်စုပြီး သီချင်းနားထောင်ဖို့ ဝယ်ပေးမယ် ငါ့သား စာသာကြိုးစားချေ တဲ့.. အမေပေးတဲ့ နားကြပ်ကလေးကို ကိုင်ကြည့်ပြီး ... ဒါလေးနဲ့ ဘယ်လို သီချင်းနားထောင်ရပါ့လို့ စဉ်းစားနေရင်း အမေရဲ့ အပြုံးမျက်နှာကြောင့် ကျွန်တော် ဖြေသိမ့်ခဲ့ရဖူးတယ်......

နောက်နှစ်တွေကြာတော့ ကျွန်တော်ရော ညီမလေးပါ တက္ကသိုလ်မှာ ဘွဲ့တွေ ကိုယ်စီရခဲ့ကြပြီ
ညီမလေးလည်း သူ့အလုပ်သူလုပ်၊ ကျွန်တော်လည်း အလုပ်ခွင်မှာမို့လို့ အမေ့ကို အေးအေးဆေးဆေး နားဖို့ပြောတယ်.. အမေက လက်မခံပါဘူး အရင်လို အဝတ်လိုက်လျှော်စရာမလိုတော့ပေမယ့်.... မနက်ဆို ဘုန်းကြီးကျောင်းလေး ဘာလေးသွားပြီး တရားနာ ကောင်းမှုကုသိုလ်ယူပြီး ညနေဆို အကြော်ထွက်ရောင်းတုန်း.... အသက်တွေလည်း ကြီးပါပြီအမေရယ် ဘုရားဖူးလေးဘာလေး သားအမိသုံးယောက် တူတူသွားမယ်နော် လို့ပြောခဲ့ဖူးတယ်။ ညီမလေး အိမ်ထောင်ကျမှ စိတ်ဖြောင့် လက်ဖြောင့် သေမယ်လို့ ပြောခဲ့တဲ့ အမေ....
အခုတော့ ရုတ်တရက်ကြီး...........



 terminal cancer တဲ့
 ဒါကြောင့် ကျွန်တော်အမေ့ကို ပြောဖူးပါတယ် ဆေးခန်းပြကြည့်ပါဦးလို့
အလုပ်ရှုပ်တယ် ပိုက်ဆံကုန်တယ်ဆိုပြီး ခေါင်းမာခဲ့တဲ့အမေ..
ဆရာဝန်ကလည်းပြောတယ် အမေ့လို ဒီလောက်နောက်ဆုံးအချိန်ထိရောက်တာတောင် အားတင်းနိုင်တဲ့လူမျိုး ရှားတယ်တဲ့

အမေဆေးရုံတက်တုန်း တုန်တုန်ရီရီနဲ့ ရေးပြီး  ပေးခဲ့တဲ့ စာလေးကို ကျွန်တော်နဲ့ ညီမလေး ဖတ်ဖြစ်ပါတယ်

သို့

သားကြီး
အမေ့ကို အမြဲအိမ်မှုကိစ္စတွေ ကူပေးတဲ့သား လိမ္မာလေး
တစ်ကိုယ်ကောင်းမဆန်ပဲ အမြဲ ညီမလေးအပေါ် ဂရုစိုက်တတ်တဲ့ သားလေး
အမေမရှိတဲ့ နောက်ပိုင်းလည်း ညီမလေးကို ဂရုစိုက်ပါကွယ်..
သား အပေါ်နားလည်မှုပေးမယ့် အိမ်ထောင်ရှင်မမျိုးနဲ့ စုံစည်းနိုင်ပါစေလို့ အမေဆုတောင်းခဲ့ပါတယ်

သမီးငယ်... ငယ်ငယ်က သမီးအရွယ် အပျိုလေးကို လှတပတမဆင်နိုင်ခဲ့လို့ အမေစိတ်မကောင်းဘူး သမီးရယ်.. သမီးအသံကြားရရုံ သမီးမျက်နှာလေး မြင်ရရုံနဲ့ အမေခွန်အားတွေ အမြဲရခဲ့ပါတယ်... အမေ့ပေါ်နားလည်မှုပေးပြီး ရှိတာလေးနဲ့ လှအောင် ဝတ်တတ်တဲ့ သမီးအတွက် အမေဂုဏ်ယူပါတယ်

လူဆိုတာသေမျိုးချည်းပါပဲ သံသရာမကုန်သေးသရ်ျတော့ သားနဲ့သမီးနဲ့ အမေထပ်စုံစည်းရဦးမှာပါ
ပြီးတော့... အမေမှာချင်တာတော့ အများကြီးပါပဲ... အဓိက ကျန်းမာရေး ဂရုစိုက်ကြပါကွယ်
သားနဲ့သမီးကို ချစ်တဲ့မေမေ

အိုး အမေ အမေ အမေ အမေ အမေ....
အမေမရှိတော့တဲ့ နောက်ပိုင်း... အမေဟိုးတုန်းက လက်ဆောင်ပေးခဲ့တဲ့ နားကြပ်ကလေးနဲ့ ကျွန်တော်အမေ့ အကြောင်းသီချင်းတွေ နားထောင်မိနေဆဲပါပဲ......... အမေရယ်


*********************************************************************
ကျွန်မကိုယ်တိုင် ခံစားရေးဖွဲ့ပါသည်
source ဒီက ယူပါသည်
 ဓာတ်ပုံတွေက Google ကပါ။


Thursday, July 11, 2013

ရယ်ရယ်မောမော ပျော်ရွှင်ဖို့

စိတ်ကျန်းမာဖို့အတွက် ဟာဒရရွှင်ဆေးဟာလည်း အရေးကြီး ပါတယ်။
တစ်ချက်ပြုံးရုံဖြင့် တစ်ရက်အသက်ရှည်နိုင်ပါစေ :-)

စာမေးပွဲဖြေကာနီးလေး

ဂျပန် origami ခေါ် စက္ကူခေါက်ထားတာလေးတွေပေါ့... မိုက်တယ်နော်

မမက နှေးလို့ သားသားက ဦးသွားတာ ဟတ်ဟတ် :D

Camera ထက် စားဖို့ကို ဦးစားပေးတာ.. ဟီး


ဆံပင်အတု မဟုတ်ရပါဘူးဗျာ  lol

အမေရိကားမှာ ဒီလိုလေး ဂိမ်းဆော့တာ


ဂျပန်မှာတော့ ဒီလိုမှ ဇိမ်ရှိတာ ခွိခွိ...

သူတို့ရဲ့ အပြုံး :-D


ဘယ်ရမလဲ.. ငှက်ကိုဒီလို ပညာပြန်ပေးတာ

ချစ်စရာ့ panda


 ကြောင်လေးတွေ


ဒီလိုလုပ်လိုက်မှ ပြီးရော ... တစ်ခါတည်း ရေချိုးရင်း မှတ်လို့ရပြီ xD

 သင်ကရော ဘယ်တစ်ခု လဲ ?


 ရပ်ချင်လို့ ရပ်တယ်တွာ ဘာဖစ်လဲတွာ :P





အခုတလော မအားလို့ blogလေးမှာ ရေးချင်တာတွေ ရေးတဲ့ဆီကို မရောက်ဖြစ်သေးလို့ ဒီလောက်လေးနဲ့ပဲ ကိုယ့်ကိုယ်ကို ကျေနပ်လိုက်ပါတယ်

See you :)

ဓာတ်ပုံများကို  http://9gag.com/ နှင့် http://matome.naver.jp/odai/2124827790117084500/2125881680978123571 မှကူးယူဖော်ပြပါသည်

Tuesday, July 2, 2013

♥♥♥လမင်းငယ်♥♥♥: ညီမလေးအတွက်♥♥♥♥♥♥

♥♥♥လမင်းငယ်♥♥♥: ညီမလေးအတွက်♥♥♥♥♥♥: ညီမလေးရေ ဖြစ်ချင်တာနဲ့  ဖြစ်သင့်တာကို ရွေးချယ်တတ်ပါစေ ခေတ်ရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ လျှော့ပြီး ဘ၀ဆိုတဲ့ လောကကြီးထဲမှာ တန်ဖိုးရှိအောင်နေ...

ကြိုက်မိတဲ့ ပိုစ့်လေးတစ်ခုပါ မမလမင်းငယ် blogကနေ shareထားပါတယ် :) သွားလည်ကြည့်ကြနော်

Wednesday, June 26, 2013

Washington D.C. သို့ အလည်တစ်ခေါက်

          အခုတလော ကျောင်းပိတ်ရက် ဖြစ်တာကြောင့် အိမ်မှာ အားနေမယ့် အစား အလုပ်ကလေးများ ရမလားလို့ လျှောက်ရှာရင်း ကျွန်မ D.C.ထဲကို ခဏခဏရောက် ဖြစ်ပါတယ်။ ဒီနေ့ရောက်ခဲ့တဲ့ အကြောင်းကို မျှဝေရင်း Blogကို လာလည်တဲ့ သူများကို D.C.ကို အလည်ခေါ်သွားမလို့ပါ :D

အရင်ဦးဆုံး သွားမှာကတော့................



အကျီ င်္ဆိုင်ပါ ! ဆယ်ကျော်သက် မိန်းကလေးတွေ အကြိုက်ပေါ့! အထပ်သုံးထပ်ရှိတဲ့ ဒီဆိုင်ကို ရောက်ရင် ကျွန်မ wonderlandထဲကို ရောက်သွားသလိုပါပဲ တော်တော်နဲ့ကို ပြန်မထွက်မိတာ  (အကျီ င်္တွေ ငမ်းနေလို့)
မြို့ထဲက Obamaပုံ!

Chinatown! မြန်မာလို တရုတ်တန်းပေါ့


ဒါကတော့ မြို့ထဲတစ်နေရာက.....

ဒါကတော့ KUSHI ဂျပန်စားသောက်ဆိုင်လေး



Obamaရဲ့ အိမ်တော် !

ဒီလောက်ပဲ ခေါ်နိုင်တယ် ဟီးးး ခြေထောက်ညောင်းသွားလို့ ! 


Tuesday, June 25, 2013

ဒုက္ခပေးတဲ့ iPhone 5

                                     
                      တကယ်တော့ ဖုန်းက လူကို ဒုက္ခပေးတာ မဟုတ်ပါဘူး၊ ဦးနှောက်ရှိတဲ့ လူက ကိုယ့်ကိုယ်ကို ဒုက္ခပေးမိတာပါ။
                             ************************************************************



         ကျွန်မနိုင်ငံခြား ရောက်ကတည်းက smart phone မသုံးဖူးပါဘူး။ အင်တာနက်တွေ သွားပြီး
ကျွန်မကလိချင်တိုင်း ကလိလို့မရတဲ့ ရိုးရိုးဖုန်းလေးကိုပဲ စွဲစွဲမြဲမြဲ သုံးခဲ့ပါတယ်။ တစ်နေ့တော့ အမေက ကျွန်မမွေးနေ့ လက်ဆောင်အတွက် ဖုန်းအသစ်လဲပေးမယ်ဆိုပြီး သားအမိနှစ်ယောက် ဖုန်းဆိုင်ကို ရောက်ခဲ့ပါတယ်။ smartဖုန်းတွေ အကုန်လုံး ဈေးတွေက လန်ပျံထွက်နေတဲ့ အခါကျတော့၊ နောက်ဆုံးပေါ် iPhone5လေး ဆိုင်ထဲမှာ အခန့်သား လှလှလေး ရှိနေပေမယ့် ကျွန်မဝယ်ပေးမယ့် မိဘကိုအားနာလို့ ယောင်လို့တောင် မကြည့်မိပါဘူး။ တော်ရုံတန်ရုံ ဈေးနဲ့ဝယ်လို့ ရတဲ့ smart phoneလေး လက်ညိုးထိုးပြီး “အဲဒါလေး ယူမယ်နော်” လို့ပြောတော့ အမေကလည်း အိုကေပေါ့။
       
       
            ဒါနဲ့ဖုန်းဝယ်ပြီး သားအမိနှစ်ယောက် ဆိုင်ထဲကအထွက် အမေ့ကို အဖေကဖုန်းဆက်ပါလေရော ဖုန်းဝယ်တာ အဆင်ပြေလား ဘာလားပေါ့နော်။ ကျွန်မဝယ်တဲ့ ဖုန်းအမျိုးအစားကို ပြောတော့ အဖေက iPhoneဝယ်လိုက်တာတော့ မဟုတ်ဘူးတဲ့ (အဖေက iPhone crazy ပါ) အဖေကဝယ်ဖို့ခွင့်ပြုတယ်ဆိုတော့ ကျွန်မလည်း ဝမ်းသာသွားတာပေါ့နော်။ ဒါပေမယ့် ခက်တာက ဖုန်းကဝယ်ပြီးနေပြီ :( (ဖုန်းတခါဝယ်ရင် ခေါင်းအလွန်စားပါတယ် contractနဲ့ အကြာကြီးကိုင်ရလို့ပါ) အမေက မောင်လေးအတွက် အင်္ကျီဝယ်ဖို့ ကြည့်နေတုန်း၊ ကျွန်မလည်း ဖုန်းဆိုင်ကလူကြီးက ဖုန်းကို အာမခံတဲ့အနေနဲ့ ၃ရက်အတွင်း လာလဲလို့ရတယ် လို့ပြောတာ သတိရတော့၊ အမေ့ကို ချက်ခြင်းခွင့်တောင်းပြီး ဖုန်းဆိုင်ကို ပြန်သွားလိုက်ပါတယ်။ ဟိုရောက်တော့ iPhoneကို ပြန်လဲချင်လို့ပါဆို တော့ ဖုန်းဆိုင်ကလူက iPhoneက ဘယ်လောက်များ ကောင်းလို့လဲဆိုတဲ့ အကြည့်နဲ့ကြည့်ပါတယ်။ ကျွန်မလည်း သူဘယ်လို ထင်ထင်ကိစ္စမရှိဘူး လိုချင်တာရရင်ပြီးရော ဆိုပြီး iPhone5 လေးလဲပြီးပြန်ခဲ့ပါတယ်။ အဲဒီ့ဖုန်းဝယ်တဲ့ ညကတော့ ကျွန်မဖြစ်ပုံက မျောက်ကို အုန်းသီးပေးထားသလို ဖုန်းတစ်လုံးနဲ့ အူမြူးပြီး အလုပ်ရှုပ်နေခဲ့ပါတယ်။


                       အဲဒီ့ဖုန်းလေးရမှပဲ ကျွန်မလည်း ဈေးဝယ်ရင် စိတ်နဲ့တွက်စရာ မလိုတော့ဘူး ဖုန်းက Calculatorလေး နှိပ်လိုက်ယုံပဲ၊ လမ်းသွားဖို့ မြေပုံလဲ တကူးတက laptopနဲ့ ရှာထားစရာမလိုတော့ဘူး Mapsကို နှိပ်လိုက်တာနဲ့ GPSနဲ့ ဘယ်လမ်းကိုသုံးရင် ကိုယ်သွားချင်တဲ့နေရာ ဘယ်လို မြန်မြန်သွားရလဲ ကြည့်လို့ရပြီ၊ ဖုန်းက iconတွေကို အလှဆင်၊ caseလှလှလေးတွေ ရှောက်စု၊ backgroundတွေ change၊ free ရသမျှ appတွေ လျှောက်ထည့်၊ လမ်းသွားရင်လည်း သယ်ရင်းတွေနဲ့ ဓာတ်ပုံတွေ ရိုက် facebook တွေတင်နဲ့၊ သီချင်းတွေကို စု၊ memo တွေကိုမှတ်နဲ့၊ မနက်ဆိုလည်း ဒီဖုန်း ညဆိုလည်း ဒီဖုန်းနဲ့၊ ဖုန်းသာ လူဖြစ်နိုင်ရင် ကျွန်မရဲ့ ချစ်သူသို့ အချစ်ဆုံး သူငယ်ချင်းကြီး ဖြစ်သွားမှာပါ။

                ကျောင်းသွားရင်တော့ ဘယ်သူ့ကိုမှ ထုတ်မပြရဲပါဘူး (ကျောင်းတွင် အပြောက်တတ်ဆုံး ပစ္စည်းမှာ ဖုန်းဖြစ်ပါသည်) မတတ်သာလို့ ဖုန်းဆက်ဖို့ထုတ်မှပဲ သူငယ်ချင်းတွေက တွေ့ပြီး ဖုန်းလေးက လှလိုက်တာ Awesome! You are so cool! နဲ့ဆိုတော့လည်း ဟဲဟဲ Thank You ပေါ့နော်၊ ဒါပေမယ့် ကိုင်ကြည့်မယ်ဆိုရင်တောင် ကျွန်မအားနာနာနဲ့ Sorry ဆိုပြီး ငြင်းခဲ့ရပါတယ်


   

               ကျောင်းမှာ Fashion Club ရှိပါတယ်။ Fashion Show လုပ်မယ် Modelလုပ်ဖို့ လာအရွေးပြိုင်ကြလို့ ကြားတော့ တန့်ကနဲဆို လူကလည်း နန့်နေတော့၊ သွားပြီးတော့ အရွေးခံလိုက်ပါတယ်။ နောက်နှစ်ပတ်လောက် ကြာတော့ မော်ဒယ်တွေ အယောက်၃၀ကျော်လောက် ရွေးလိုက်တဲ့အထဲမှာ ကျွန်မလည်းပါတယ် ဆိုတာသိလိုက်ရတယ်။ ဒါပေမယ့် နေ့တိုင်း after school နေပြီး high heelစီးပြီး လမ်းလျှောက်ကျင့်ရမယ် ဆိုတော့ အားလုံး ဟင်ကနဲဖြစ်သွားတယ်။ ကျွန်မလည်း မေလမှာ အရေးကြီးတဲ့ စာမေးပွဲရှိလို့ နေ့တိုင်းလာလို့ မရတဲ့ အကြောင်းကို ခွင့်တိုင်တော့ ဆရာမက နားလည်ပေးရှာပါတယ်။ ဒီလိုနဲ့ fashion clubရယ်၊ စာရယ်၊ iPhoneရယ်နဲ့ ကျွန်မဘဝ သံသရာလည် နေပါတော့ တယ်



           

                     အဲဒီ့နေ့က မှတ်မှတ်ရရ မေလ ၁၀ရက်၊ သောကြာနေ့ Fashion Show လုပ်ဖို့နီးနေပြီမို့လို့ အားလုံး ၇နာရီထိုးမှ ပြန်ရမယ်လို့ ဆရာမက အမိန့်ထုတ်ထားပါတယ်။ ရုတ်တရက် သူငယ်ချင်းနဲ့ စကားပြောရင်း သူက "Don't you feel a heart a tack when you can't find your phone?" တဲ့ သူဖုန်းလေးကို ကိုင်ပြီးတော့ "ဖုန်းသာပျောက်လို့ ကတော့ နှလုံးရောဂါ ဖြစ်မလားပဲ"လို့ စိုးရိမ်စိတ်နဲ့ ပြောရှာပါတယ် ကျွန်မလည်း ကျွန်မဖုန်းကို လက်ကမချရဲပါဘူး။ လမ်းလျှောက်ကျင့်ရင်တောင် ဖုန်းကိုကိုင်ထားလို့ ဆရာမကဆူပါတယ် (ဥစ္စာခြောက်ပုံက အဲလို) ဒီလိုနဲ့ ၇နာရီထိုးလောက်မှာ မော်ဒယ်ကောင်မလေး တစ်ယောက် cat walk လျှောက်ရင်း ဝုန်းဆို ၅ပေ ၆ပေ ကျော်လောက် ရှိတဲ့ stage ပေါ်က ပြုတ်ကျပါလေရော ဆရာမကလည်း “911 ခေါ်ပါဟဲ့ ကူပါဟဲ့ ကောင်မလေးကလည်း သတိလစ်သွားတော့ ခေါ်လို့မရတော့ဘူး” ဆိုပြီး အော်ခေါ်တယ်။ 911 ခေါ်ကာမှ ထုံးစံအတိုင်း Ambulance Siren တွေနဲ့ ဝရုန်းသုန်းကား ရဲကားရော အရေးပေါ်ကားရော မီးသတ်ကားတွေပါ ကျောင်းဝန်းထဲကို ဝင်လာကြတယ်။ ဆရာမကလည်း လူတွေကို ရှင်းသွားအောင် ကျောင်းသားတွေ အကုန်အိမ်ပြန်တော့ဆိုပြီး လွှတ်လိုက်တော့ သတိခဲ အကျွန်မကတော့ သွေးရဲသံရဲဆို ကြောက်ကြောက်နဲ့ အတူပြန်မယ့် သူငယ်ချင်းနဲ့ တူတူ သူမအမေ လာကြိုတဲ့ ကားလေးနဲ့ အိမ်ပြန်ခဲ့ပါတယ်။



                 အိမ်ရောက်တော့ သူတို့သားအမိကို လက်ပြနှုတ်ဆက်ပြီး အိမ်ထဲဝင်ဖို့အလုပ် အိတ်ထဲကဖုန်းလေးကို ထုတ်အကြည့်မှာ ကျွန်မကို ကျွန်မ မယုံကြည်နိုင်အောင် ဖုန်းကို လုံးဝစမ်းမရပါ ရှိသမျှတိုလီစုတ်စတွေ အကုန်လှန်ရှာ အိတ်ကိုပါ မှောက်ကြည့်တာတောင် ဖုန်းကထွက်မလာတော့ပါဘူး ဖုန်းပျောက်ပြီ!! ဆိုတဲ့ အသိက ကျွန်မကို ခေါင်းတွေမူးနောက်သွားစေပါတယ်
ကျွန်မအထပ်ထပ် အခါခါ ပြန်စဉ်းစားတယ် ဖုန်းကို ကျွန်မကားပေါ်မှာ messageပို့ပြီး တော့ သေချာအိတ်ထဲ ထည့်လိုက်တာပါ ကျန်ခဲ့မယ်ဆိုရင်တောင် ကားပေါ်မှာ ကျန်ခဲ့မှာပဲဆိုပြီး သူငယ်ချင်းကို ဖုန်းလှမ်းဆက်ဖို့ အိမ်ပေါ်အမြန်ပြေးတက်တယ်။ သူငယ်ချင်းကို ငါအခုချက်ချင်း လာယူပါ့မယ် ရှာပေးပါဦးဆိုတော့ သူက ရှာမတွေ့ဘူးတဲ့။ ကျွန်မဖုန်းတစ်ခါမှ မပျောက်ဖူးပါဘူး အခုလိုပျောက်သွားတော့ ကိုယ့်ကိုယ်ကို အပြစ်တွေတင်လို့မဆုံးနဲ့ ရူးချင်ပါတော့တယ်


            ဒါနဲ့ ကျွန်မများ အမှတ်မှားပြီး ကားပေါ်မတက်ခင် ကျောင်းမှာများ ကျကျန်ခဲ့လားဆိုပြီး ကျောင်းကို ထပ်သွားရှာတယ်။ ကျောင်းမှာ ဘယ်သူမှမရှိတော့ဘူး သန့်ရှင်းရေး လုပ်တဲ့လူ နှစ်ယောက်ကို အကျိုးအကြောင်း ပြောပြပြီးမေးတော့ သူတို့က စိတ်မကောင်းပါဘူး မတွေ့မိပါဘူးတဲ့..... ပြောရင်း ဆိုရင်း လေတွေ တအားတိုက်ပြီး မျက်စိထဲကို အမှုန်ကဝင်ပြီး ငိုချင်လျှက် လက်တို့ဆိုသလို မျက်ရည်တွေကျလာလိုက်တာ မိုးကလည်း သည်းကြီးမဲကြီး အဲတော့မှ ရွာချတယ်.. အခုနေ ကံကောင်းလို့ ကျောင်းမှာဖုန်းကို ပြန်တွေ့ရင်တောင် ရေတွေစိုလို့ ဖုန်းကို အကောင်းတိုင်း ပြန်မရနိုင်တော့ပါဘူး။ ကျွန်မလည်း စိတ်ဓာတ်တွေ ကျပြီး အိမ်ကို ပြန်လာရတယ် အဲဒီညက အိပ်မပျော်ပါဘူး......




                  စနေ၊ တနင်္ဂနွေ ပြီးလို့ တနင်္လာနေ့ရောက်တဲ့ အထိ စိတ်ထဲမှာ လက်မလျှော့နိုင်သေးပါဘူး။ သူငယ်ချင်းအမေကို သူ့ကားပေါ်မှာ ရှာခွင့်ပြုဖို့ ခွင့်တောင်းပြီး ရှာကြည့်ပါသေးတယ်။ သူငယ်ချင်းအမေကလည်း ဝိုင်းရှာပေးပါတယ်။ ကျောင်းက securityကို reportသွားလုပ်တယ် သူငယ်ချင်းတွေလည်း မေးကြည့်တယ်

IF   ကျွန်မသူငယ်ချင်းကားကို မစီးခဲ့ရင်
           သောကြာနေ့က အိမ်စောစောပြန်ခဲ့ရင် 
            Fashion Club ကိုအစကတည်းက မဝင်ခဲ့ရင် 
            ဖုန်းကို အဲလောက် သံယောဇဉ် မတွယ်ခဲ့မိရင်
            ဖုန်းအပေါ် အားမကိုးခဲ့မိရင်
            အဲဒီ့ဖုန်းကို အစကတည်းက မဝယ်ခဲ့မိရင်...............................


ကျွန်မအဂါင်္နေ့မှာ ဖြေဆိုဖို့ တနှစ်ပတ်လုံး  ဖတ်ဖတ်မောအောင် ကျက်ခဲ့ရတဲ့ စာမေးပွဲအတွက် ကျွန်မရလပ်ကောင်းရမှာ သေချာပါတယ် အခုတော့ ဖုန်းစိတ်နဲ့ ကောင်းစွာ စာထဲအာရုံမရောက်ပဲ စာမေးပွဲမဖြေခင် ညဘက်သုံးနာရီအထိ စာကြည့်ပြီး ရသလောက်ပဲ ဖြေဆိုခဲ့ပါတယ်
စာမေးပွဲဖြေပြီး သင်ခန်းစာ ရလိုက်တာကတော့ နောက်ဆို ဘာကိုမှ အစွဲအလန်းမထားတော့ဘူးလို့............


ပျော်ရွှင်ဖွယ်ဘဝ ရဖို့နည်း

  • မှန်တွေကို သုတ်ပေးပါ............အိမ်ရှိ မှန် အကုန်လိုက်သုတ်ပါ စိတ်ကြည်လင်မှုကို              ခံစားရပါလိမ့်မည်   (ဒီနည်းလေးကတော့ မဆိုးပါဘူး)
  • စကားလုံးများကို ကောင်းမွန်စွာ ပြောပါ......... negative ဖြစ်တဲ့ စကားလုံးတွေ ကိုမသုံးနှုန်းပါနဲ့ ( positive ဖြစ်လေကောင်းလေပါပဲပေါ့နော်)
  • စိတ်ကို ဖြူစင်စွာထားပါ..............ဘာမဆို အကောင်းဘက်က ကြည့်ပေးပါ။ အကောင်းမြင်ပေးပါ
  • ရယ်မောပါ..............ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ၊ စိတ်ပူပန်နေပါစေ၊ ရယ်မောမှုကို အသုံးချပါ (ရယ်ဖို့နေနေသာသာ တစ်နေ့တစ်နေ့ ပြုံးဖို့မေ့နေသူများ မှန်ရှေ့မှာ ကိုယ့်ရုပ်ကလေး ပြုံးကြည့်ရုံနဲ့ စိတ်တွေပေါ့ပါးသွားပါလိမ့်မယ် စိတ်ချမ်းသာမှ လုပ်ချင်တာလေးတွေ  ကောင်းမွန်စွာ လုပ်နိုင်မှာမို့ ဒီနည်းလေးကို ကြိုက်ပါတယ်)
  • ကျေးဇူးတင်ပါ...............ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီး ကျေးဇူးတင်ပေးပါ။ (ဥပမာ ကိုယ့်မိဘကို ကျေးဇူးတင်တာမျိုး၊ ကိုယ့်ကို ကူညီဖူးတဲ့လူကို ကျေးဇူးလှမ်းတင်တာမျိုး လေးပေါ့ :-)
  • သန့်ရှင်းရေးလုပ်ပါ 
ဘာရယ်တော့ မဟုတ်ဘူး တခြား websiteမှာ ရေးထားတာလေး တွေ့တုန်း ဘောလ်ပင်မှင် အကုန်ခံပြီး ကူးထားပြီးကာမှ  ချောင်ထိုးထားတဲ့ စာအုပ်လေး အခုမှ ပြန်တွေ့တာနဲ့ ပြန်ပြီး မျှဝေလိုက်တာပါ :)


~KK~

Monday, June 24, 2013

Monsterတွေ ပြန်လာပြီ!

 Monsterဆိုလို့ တကယ့်ကြောက်ဖို့ကောင်းတဲ့ အကောင်တွေမဟုတ်ပါဘူး။ Mike Wazowski နဲ့ James P. Sullivan ကိုပြောတာပါ။ သူတို့က ကာတွန်းကားထဲက အကောင်လေးတွေပါ (နယ်နယ်ရရတွေ မဟုတ်ပါ)။ သူတို့ကို Monsters, Inc. မှာတုန်းက ပရိသတ်တွေ တွေ့ဖူးပြီး ဖြစ်မှာပါ။ Monster မြို့တော်ကြီးမှာ နေထိုင်ကြတဲ့ သူတို့တွေဟာ ကလေးတွေကို ခြောက်လှန့်ပြီး အသက်ရှင်နေထိုင်ရပါတယ်။
Sullivan ခေါ် Sulley ဟာတစ်နေ့မှာ Booဆိုတဲ့ ကလေးမလေးနဲ့ တွေ့ဆုံမိပြီး၊ ဘယ်လိုမှသူ့ကို လူတွေနေထိုင်တဲ့ဆီကို ပို့လို့မရတော့တာကြောင့် သူနဲ့ခေါ်လာခဲ့ရပါတော့တယ်။
                               

အစပိုင်းတော့ Booနဲ့ ဘယ်လိုမှ အဆင်မပြေတဲ့ Mike နဲ့ Sulleyတို့ ဟာ တဖြေးဖြေးနဲ့ Boo အပေါ် သံယောဇဉ်တွယ်လာရာက နောက်ဆုံး Monster မြို့တော်နဲ့ မကိုက်ညီတဲ့ Booကို လူသားတွေနေထိုင်တဲ့ နေရာကို ပြန်ပို့ခဲ့ရပါတယ်.... ဒီကားလေးက ငိုလည်းငိုရ ရယ်လည်းရယ်ရလို့ Disney ပရိသတ်တွေ တော်တော်များများ ကြိုက်ခဲ့မှာပါ အဲဒါကြောင့် အခု နောက်ထပ် ဒုတိယရှပ်ရှင်ကား Monsters University ကို Pixer နဲ့ပေါင်းပြီး ထုတ်လိုက်ပြန်ပါပြီ :DD

                                               Monsters University poster 3.jpg 
ဒီကားမှာတော့ အရွယ်ရောက်ပြီ ဖြစ်တဲ့ Sulley နဲ့ Mike ဟာ Monster University မှာပြန်ဆုံကြပါတယ်။ ဒီ University ကြီးမှာ သူတို့ဟာ ကြောက်စရာကောင်းမှု ပညာကို လေ့လာရပါတယ်။ အသွင်မတူတဲ့ သူငယ်ချင်း နှစ်ယောက် ဘယ်လို ဟာသကွက်တွေ စွဲဆောင်မှုတွေနဲ့ ပရိသတ်ကို အားရမှုပေးနိုင်မလဲ၊ ပထမကားလောက် ကောင်းပါ့မလားဆိုတာ ကျွန်မစိတ်ဝင်စားမိပါတယ်။

June 21 ရက်နေ့က ရုံစတင်နေပြီ ဖြစ်လို့
onlineက free websiteမှာ ကြည့်လို့ရနေပါပြီ (Quality တော့သိပ်မကောင်းပါ)

တစ်ခါတစ်လေ ကာတွန်းကြည့်ခြင်းဖြင့် စိတ်ပျော်ရွှင်နိုင်ပါစေ :D  ရုပ်ရှင်ကြည့်ဖို့ website link ပါ :-D

မင်္ဂလာပါ

 ဒီBlogက ကျွန်မရဲ့ ဒုတိယမြောက် Blog ဖြစ်ပါတယ်။ ဟိုးအရင် 2007လောက်က ကျွန်မBlog တစ်ခုလုပ်ဖူးပါတယ်။ Postနေ့တိုင်းမတင်နိုင်တာက တမျိုးရယ်၊ ရေးချင်ပေမယ့်လည်း Blogပေါ်တက်ရေးဖို့ကို ပျင်းတာရယ်ကြောင့် ကျွန်မBlogလေးဟာ အမြဲခြောက်သွေ့နေတတ်ပါတယ်။ ကျောင်းသူဖြစ်တဲ့ အတွက်လည်း အားလပ်ချိန်မှာ ထွေရာလေးပါး လုပ်စရာတွေနဲ့ ကျွန်မBlogဆိုတာကို ခေါင်းထဲမထည့်ဖြစ်ပါဘူး၊ အခုတော့ နွေရာသီကျောင်းပိတ်ရက် ရောက်ပြီမို့ ကျွန်မရဲ့ ဟိုစပ်စပ် ဒီစပ်စပ် ရေးချင်တဲ့ ရောဂါလေးထလာတဲ့ အတွက် ဒီBlogလေး ကိုအားတင်းပြီး လုပ်လိုက်ရပါတယ်။ ကျောင်းပြန်ဖွင့်ရင် ရေးဖို့မသေချာပေမယ့် အခုတော့ ၂လလုံးလုံး အားနေမှာမို့ Blogပေါ်မှာ သောင်းကျန်းတော့မှု ဖြစ်ပါတယ် :)